ငြိမ်းချမ်းရေးနဲ့ အမျိုးသားရေး ကဗျာဆရာကြီး ဒဂုန်တာရာ
ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဇောင်းပေးဆော်သြလုပ်ကိုင်ကြတဲ့ အသင်းအဖွဲ့တွေ ရှိခဲ့ပါတယ်။ လက်ရှိကာလမှာလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လို အယူအဆကို အခြေခံထားရမယ်၊ ဘယ်လိုနည်းဟန်မျိုးနဲ့ တိုင်းပြည်ငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ကြရမယ်ဆိုတဲ့ မူဝါဒအရ၊ နည်းပရိယါယ်အရ ရေရာတိကျစွာ ချမှတ်ဆောင်ရွက်နိုင်တဲ့ အသင်းအဖွဲ့က အင်မတန်ရှားပါတယ်။ အဲဒီအသင်း အဖွဲ့တွေကို ခေါင်းဆောင်ကြသူတွေ ကိုယ်တိုင်ကလည်း အဲဒီ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အခြေခံမူဝါဒပိုင်းနဲ့ နည်းဟန်ပိုင်းမှာ ရှင်းလင်းတိကျ ပြတ်သားခြင်းမရှိပဲ အမြင်တွေ ရှုပ်ထွေးနေလေ့ ရှိပါတယ်။
ဒီလို ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိကျမှန်ကန်တဲ့ မူဝါဒ မရှိတဲ့အခါ ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားရေးကိစ္စ အကြပ်အတည်းဖြစ်ပြီး အဲဒီအကြပ်အတည်းက လွတ်မြောက်အောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ကြတဲ့အခါ ကိုယ့်မှာရှိတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ မူဝါဒက ရှုတ်ထွေးနေ မှားနေပြန်တော့ အဲဒီ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရေးအကြပ်အတည်းကို ဖြတ်တဲ့အခါ နည်းဟန်အမှား ရပ်တည်ချက်အမှားတွေ ဖြစ်ကုန်ကြရပြန်တာပေါ့။
ဥပမာ ကျနော် တစ်ခုပြောပါမယ်။ ၁၉၅၇ ခုနှစ်ထဲမှာ ဆိုဗီယက်သံချပ်ကာကားတွေ ဟန်ဂေရီနိုင်ငံထဲဝင်လာတဲ့အခါ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ ‘ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ)’ မှာ အဲဒီ ဟန်ဂေရီအရေးအခင်းအပေါ် ဘယ်လို ရှုမြင်သုံးသပ် ရပ်တည်ကြမလည်းဆိုတဲ့ စိန်ခေါ်မှုကို ကြုံရပါတယ်။ ဆိုဗီယက်အစိုးရရဲ့ အကြောင်းပြချက်က ဟန်ဂေရီ အရင်းရှင်ဘက်တော်သားတွေရဲ့ရန်က ကာကွယ်ဖို့ ကမ္ဘာ့ဆိုရှယ်လစ်ကမ္ဘာကို ကာကွယ်ဖို့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ဖို့ အခုလို ဟန်ဂေရီပြည်ထဲ ဆိုဗီယက်တပ်တွေ ၀င်ရောက်လာရတာဖြစ်တယ်လို့ အကြောင်းပြပါတယ်။
ဒီတုန်းက ‘ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်(မြန်မာနိုင်ငံ)’ ရဲ့ အမှုဆောင်အဖွဲ့က ဒီပြဿနာကို သုံးသပ်တဲ့အခါ တဦးတည်းသော အမှုဆောင်အဖွဲ့ဝင်ကလွဲပြီး ကျန် အမှုဆောင်အားလုံးက ဟန်ဂေရီနိုင်ငံထဲ ကျူးကျော်ဝင်ရောက်လာတဲ့ ဆိုဗီယက်တပ်တွေကို ထောက်ခံကြပါတယ်။ နိုင်ငံတကာ ဆိုရှယ်လစ်သွေးစည်းညီညွတ်ရေးအတွက်၊ ကမ္ဘာ့ငြိမ်းချမ်းရေး ကာကွယ်ဖို့ဖြစ်တယ်လို့ သုံးသပ်ပြီး ထောက်ခံကြတာပါ။ ဟန်ဂေရီပြည်ထဲ ဆိုဗီယက်တပ်တွေ ၀င်ရောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျန်အမှုဆောင်အားလုံးကိုဆန့်ကျင်ကာ တဦးတည်း ကန့်ကွက်တဲ့သူကတော့ ကဗျာဆရာကြီး ဒဂုန်တာရာပါပဲ။
ဆရာဒဂုန်တာရာကတော့ နိုင်ငံတခုချင်းစီရဲ့ အချုပ်အချာအာဏာကို ထိပါးတဲ့ကိစ္စလို့ ရှင်းရှင်းပြတ်ပြတ်ပဲ ထောက်ပြပါတယ်။ ဘယ်လိုညီညွတ်ရေးမျိုးမဆို အမျိုးသားများ လွတ်လပ်မှုကို ထိခိုက်ပြီးမှ ညီညွတ်ရေးရအောင်လုပ်ရင် မှားတဲ့အကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးကို မှန်ကန်စွာ ကာကွယ်ရာမရောက်ဘဲ ငြိမ်းချမ်းရေးပျက်ပြားစေနိုင်ကြောင်း ထောက်ပြပါတယ်။ နောင်ကြတော့လည်း ဒဂုန်တာရာ မှန်ကန်ခဲ့သည်ဆိုတဲ့ တကယ့် သမိုင်းဝင် အဖြစ်အပျက်တစ်ခုအနေနဲ့ လူတွေ သိလာကြရတဲ့ကိစ္စပါ။
ဒီနေရာမှာ ဆရာဒဂုန်တာရာဟာ ဘယ်လိုနည်းနဲ့ အဲဒီ ငြိမ်းချမ်းရေးဆိုင်ရာ အမျိုးသားရေးဆိုင်ရာ အယူအဆအမှန်ကို ဆွဲကိုင်ထားနိုင်ခဲ့သလည်း။ ပထမဦးစွာ သတိပြုမိတဲ့အချက်က ဆရာကြီးဒဂုန်တာရာဟာ အလှဝါဒီ ဖြစ်လို့ပါပဲ။ အထူးသဖြင့် သဘာဝအလှအပများကို စူးစူးနက်နက် ခံစားယဉ်ပါးလွန်းတဲ့ သူ့ရဲ့နှလုံးသား ဓါတ်ခံ အခြေအနေက ငြိမ်းချမ်းရေးကိုလိုလားတဲ့ ငြိမ်းချမ်းရေးပျက်စီးရာပျက်စီးကြောင်းကို ဆန့်ကျင်တဲ့သူ ဖြစ်လာခဲ့တဲ့သဘောလို့ ယူဆမိပါတယ်။
ကောင်းပါပြီ။ သဘာဝအလှတရားကို ချစ်မြတ်နိုးရာက ငြိမ်းချမ်းရေးသမားဖြစ်လာတာတော့ မှန်ပါပြီ။ ဒါဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင်၊ တခါ ရရင်လည်း တည်မြဲအောင်ထိန်းသိမ်းထားနိုင်ဖို့ ဘယ်လို ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆကို ဆရာကြီးဒဂုန်တာရာ ကိုင်စွဲထားခဲ့သလဲ။
ဒီနေရာမှာ ဆရာကြီးဟာ မတူကွဲပြားခြားနားခြင်း သဘောသဘာဝကို သွားပြီး မြင်ပါတယ်။ ကမ္ဘာကြီးဟာ ဗဟုအဖွဲ့အစည်းကြီးဖြစ်တယ်။ ဗဟုအဖွဲ့အစည်းကြီးတစ်ခုအနေနဲ့ သွားနေတယ်။ ဗဟုအဖွဲ့အစည်းကြီးဆိုတဲ့ ဒိဌသဘောနဲ့ အသက်ရှင်နေတာဖြစ်တယ်။ ဒီတော့ မတူကွဲပြားခြားမှု ရှိနေတယ်၊ မတူကွဲပြားခြားနားမှုဟာ ပကတိတရားဖြစ်တယ်ဆိုတာ သူမြင်လာတယ်။ ဒီလို မတူကွဲပြားခြားနားခြင်းကို အသိအမှတ်ပြုလိုက်တာနဲ့တပြိုင်နက် နှစ်ခုအနက် တစ်ခုမရှိရင် ကျန်တစ်ခုလည်း မရှိနိုင်ဘူးဆိုတဲ့ သဘောတရားကိုလည်း ဆုပ်ကိုင်မိတယ်။
ဒီတော့ကာ မတူကွဲပြားခြားနားသူအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးသည် ကမ္ဘာကြီးတည်မြဲရေး၊ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးရဲ့ သော့ချက်အယူအဆဖြစ်တယ်ဆိုတာကို သွားတွေ့တယ်။ မတူကွဲပြားခြားနားစွာ တည်ရှိနေကြတဲ့ လူမျိုးတွေ၊ နိုင်ငံတွေရဲ့ အနေအထားကို ထိခိုက်ခံလို့မရဘူး၊ လူမျိုးများရဲ့ သီးခြားသဘောဆောင်တဲ့ အခွင့်အရေးများ နိုင်ငံများရဲ့ အချုပ်အချာအာဏာကိစ္စ။ ဒါတွေကို ဆရာကြီးက အသိမ်မွေ့ဆုံး အနက်နဲဆုံး ကိုင်ဆွဲလိုက်နိုင်လာခဲ့တယ်။ ဒီိလိုနဲ့ပဲ ဆရာကြီးဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အမျိုးသားရေးနဲ့ပတ်သက်ပြီး အကြားအမြင်ပေါက်တဲ့ ကဗျာဆရာကြီးဖြစ်လာခဲ့တော့တာပါပဲ။
ဒီလိုဆင်ခြင်မိ တွေးတောမိတဲ့အခါ ဒါကြောင့်မို့သာ ဒီလိုအတွေးအခေါ်အယူအဆ ရင့်သန်တဲ့သူမို့သာ ‘လွတ်ငြိမ်းခွင့်’ လို ကဗျာမျိုး၊ ‘ဒိုင်နိုဆောနှင့်ပန်းလိပ်ပြာ’ လိုကဗျာမျိုး ရေးဖွဲ့သွားနိုင်ခဲ့တာ ရေးရဲခဲ့တာဖြစ်တယ်လို့ လေးနက်စွာ ဆင်ခြင်မှုမိပါတယ်။
ဆရာကြီးဒဂုန်တာရာသည်ကား မြန်မာ့စာပေသမိုင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းတွင် အင်မတန်ခက်ခဲသိမ်မွေ့လှသည့် ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆအမှန်ကို ဦးစွာပထမ ထိုးထွင်းသိမြင်နိုင်ခဲ့သူ၊ အင်မတန်ကြီးမြတ်တဲ့ ငြိမ်းချမ်းရေးသူတော်စင် ကဗျာဆရာကြီးဖြစ်ကြောင်း ဒီဆောင်းပါးနဲ့ လေးစားမြတ်နိုးစွာ ကမ္ဗည်းထိုးလိုက်ပါတယ်။
'열린게시판' 카테고리의 다른 글
[스크랩] 이기형 시인 2주기 추모 시 낭송회 안내 (0) | 2015.06.08 |
---|---|
[스크랩] 고 이기형 통일시인 추모시낭송회 초대합니다 (0) | 2015.06.04 |
[스크랩] 독서의모든것 (0) | 2015.04.22 |
[스크랩] 2014년 창작21 신인상 시상식 및 송년회가 다음과 같이 열립니다. (0) | 2014.12.02 |
[스크랩] 김규동 시인 추모 2주기 문학강연과 시 낭독회(삼정문학관) (0) | 2014.11.17 |